見出し画像

故郷での戦後、私は家族の大切さをさらに知りました。မွေးရပ်မြေမှာ စစ်ဖြစ်ပြီးတော့ မိသားစုတန်ဖိုးကို ပိုသိလာတယ်။

မိုးကုတ်မှာ ၆ လပိုင်း ၂၅ ရက်နေ့ကနေစပြီးတော့ အနောက်ပိုင်းမှာ Mogok PDF တပ်ဖွဲ့က TNLA ပလောင်တပ်နဲ့ပူးပေါင်းပြီး မင်းအောင်လှိုင်စစ်တပ်နဲ့ စစ်ဖြစ်ကြတယ်။ ၂၅ ရက်နေ့ကနေတိုက်တဲ့ စစ်ပွဲက ၅ ရက်အတွင်းကို TNLA နဲ့ ပူပေါင်းထားတဲ့ PDF တွေက မိုးကုတ်မြို့အနောက်ပိုင်းကိုသိမ်းလိုက်ကြတယ်။ မိုးကုတ်ဆိုတာ မအလ အာဏာစသိမ်းကတည်းက အင်တာနက်ဖြတ်တောက်ခံရတဲ့ မြို့ငယ်လေးဖြစ်တဲ့အပြင် တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ လျှပ်စစ်မီးမမှန်တော့ စစ်လည်းစဖြစ်ရော မိုးကုတ်မှာ ဖုန်းလိုင်းတွေ မမိတော့တဲ့အပြင် မီးကလုံးဝကို မလာတော့ဘဲ WiFi တွေကလည်း လုံးဝပြတ်တောက်သွားခဲ့တယ်။ (လျှပ်စစ်ဓာတ်အားရှိမှ WiFi company တွေကလည်း WiFi ပေးနိုင်ကြမှာဆိုတော့) WiFi Company တွေကလည်း မီးမလာပေမယ့် သူတို့တတ်အားတရွေ့မီးစက်ခုတ်မောင်းပြီး WiFi တွေပေးနေပေမယ့် စစ်ဖြစ်တဲ့ ရက်တွေ ကြာလာတဲ့အခါကျတော့ မီးစက်နဲ့ ရှေ့ဆက်သွားဖို့က အဖြေမဟုတ်ခဲ့ဘူး။ အနောက်ပိုင်းစစ်မီးက အရှေ့ပိုင်းကိုလည်း ၆ လပိုင်း ၃၁ ရက်နေ့ကနေစပြီး ကူးစက်လာခဲ့တယ်။ 

ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံနေရတဲ့ Video 

စစ်လာပေမယ့် ပြင်ဆင်ချိန်မရလိုက်

ပြောရရင် ၄ လပိုင်းကတည်းက မိုးကုတ်နဲ့ မိုင် ၂၀ ကျော်သာဝေးတဲ့ မိုးမိတ်မှာ စစ်မီးလောင်နေပေမယ့် မိုးကုတ်ကို ဒီလောက်မြန်မြန်ကြီးရောက်လာမယ်လို့လည်း မထင်မိကြဘူး။ ပြီးတော့ အနောက်ပိုင်းကို ၅ ရက်အတွင်းနဲ့ သိမ်းလိုက်တယ်ဆိုတာကလည်း ဘယ်သူမှ မမျှော်မှန်းထားကြဘူး။ ၅ ရက်အတွင်းနဲ့ သိမ်းလိုက်ရော မြို့အဝင်အထွက် လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းတွေ အကုန်ပိတ်သွားတယ်။ 

တစ်ပူကနေ နှစ်ပူ၊ သုံးပူဖြစ်

လမ်းကြောင်းတွေ ပိတ်သွားတော့ မြို့တွင်းကုန်စည် စီးဆင်းမှုကမရှိတော့ဘဲ မြို့သူမြို့သားတွေက လက်နက်ကြီးလက်နက်ငယ်ကျရောက်မယ့် အန္တရာယ်အပြင် ကုန်စျေးနှုန်းအဆမတန်တက်တဲ့ ဒဏ်ကိုလည်း ခံရပြန်တယ်။ ကြက်ဦးတလုံး ၃၀၀ ကျပ် ကနေ ၁၀၀၀ ကျပ်အထိကို တက်သွားတယ်။ 

တခြားနေရာကို စစ်ရှောင်မယ်လုပ်တော့ မြို့ကနေထွက်မရ

အောက်က Post ကတော့ စစ်ရှောင်ဖို့အတွက် ထွက်မယ်လုပ်တာ ပေးမထွက်တော့ လူတွေ အနောက်ပိုင်းမှာ သောင်သင်နေကြတာကို မနည်းပါဘူး။

Photo: YuNandar Than

အဝေးရောက်နေသူတွေရဲ့ ခံစားချက်

မိုးကုတ်ကနေ အဝေးရောက်နေသူတွေကတော့ မိုးကုတ် Group မှာ မြို့အခြေအနေကို မေးကြတာပေါ့။ လိုင်းရသေးတဲ့ သူတွေလည်း စိတ်ရှည်လက်ရှည်နဲ့ ဖြေပေးကြပါရဲ့။ တချို့ကျတော့လည်း အရေးမပါတဲ့ ဆုတောင်း Post တွေ၊ ကဗျာတွေရေးနဲ့ Xin ကိုယ်တိုင်လည်း စိတ်တော်တော်ကိုတိုခဲ့ရပါတယ်။ သတင်းအမှောင်ချခံထားရတော့ အိမ်ကအခြေအနေစိုးစင်မျှတောင် မသိခဲ့ရပါ။ နိုင်ငံရပ်ခြားရောက်နေတဲ့သူမို့ ကိုယ့်ဖက်ကလည်း ဘာမှ မလုပ်ပေးနိုင်။ ကိုယ့်ကိုယ်ကိုယ်လည်း တော်တော်လေး အားမလိုအားမရဖြစ်နဲ့။ လိုင်းပေါ်မှာလည်း အိမ်နီးနားချင်းတွေ၊ အမေ့သူငယ်ချင်းတွေကိုမေးလိုက်တော့မှ တအိမ်လုံး အနောက်ပိုင်းကို ရောက်နေတာကိုသိရတယ်။ (စိတ်တော့နည်းနည်းအေးသွားပြီပေါ့)

ဒါပေမယ့် စစ်တပ်ရဲ့ထုံးစံက သူတို့ စစ်ရှုံးရင် တမြို့လုံးကို ပြာကျအောင် လေယာဉ်ပျံနဲ့ လူအိပ်ချိန်ဖြစ်တဲ့ ညဘက်၊ ညသန်းခေါင်မှာပဲ ဗုံးလာကြဲတာဆိုတော့ အနောက်ပိုင်းမှာနေတော့လည်း စိတ်က မအေးရပြန်ဘူး။ အရှေ့ပိုင်းမှာ ရှိနေတဲ့အချိန်တောင် လိုင်းကနေ အဆက်အသွယ်ရသေးတာ။ အနောက်ပိုင်းရောက်တော့မှ လုံးဝကို အဆက်အသွယ်မရတော့တာ။ 

၂ ပတ်လောက်ကြာတော့ အရှေ့ပိုင်းမှာလည်း လက်နက်ကြီးထိပြီးတော့ သေသွားတဲ့သူတွေလည်းရှိတယ်။ အိမ်ကလူတွေ အနောက်ပိုင်းမှာလို့ပြောပေမယ့် အဆက်အသွယ်မရတာ ၂ ပတ်ရှိပြီဆိုတော့ လူက ပိုပြီးတော့ စိတ်ပိုပူလာတယ်။ အိပ်ချိန်တွေက တရက်ပြီးတရက် အချိန်မမှန်တော့ဘဲ အိပ်မပျော်တဲ့ထိဖြစ်လာတယ်။

စစ်ရှောင်၊ စစ်ဘေးဒုက္ခသည်တွေရဲ့ ဒုက္ခတွေကို ပထမဦးဆုံးအကြိမ် ကိုယ်ချင်းစာမိခြင်း။ 

အရင်ကတော့ PDF တပ်တွေ၊ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေ မြန်မာမှာရှိတဲ့ မြိုတစ်မြို့ပြီး တစ်မြို့ကို တိုက်ပြီး မြို့သိမ်းတာကို ပျော်ခဲ့တယ်။ အဲ့အချိန် စစ်ဘေးရှောင်တွေ တွေ့ကြုံခံစားနေရတဲ့ နေ့နေ့ညည ကြောက်လန့်စိတ်၊ စိုးရိမ်စိတ်တွေ၊ ပျောက်ဆုံးနေတဲ့အနာဂတ်တွေကို ကိုယ်ချင်းမစာနိုင်ခဲ့ဘူး။ သူတို့ဒီလိုဒုက္ခမျိုးစုံတွေ ခံစားရမယ်ဆိုတာကို မစဉ်းစားမိခဲ့ဘူး။ မိုးကုတ်မြို့ကလည်း အမြဲအေးချမ်းနေခဲ့တာကိုး။ နောက်ဆုံး စစ်ပွဲက ကိုယ်မြို့ရောက်တော့မှ ကိုယ့်အနာပေါ်တုတ်ကျဆိုသလို စစ်ဘေးရှောင်တွေရဲ့ ဒုက္ခတွေကို ကိုယ်ချင်းစာလာတယ်။ 

ကိုယ်က နေသာသလို အဆင်ပြေသလို ရှိနေချိန်မှာ အခြားလူတွေ ဒုက္ခရောက်နေရင် ကိုယ်အားဖြင့် မကူညီနိုင်လည်း နှုတ်အားဖြင့် ကူညီပေးကြပါ မိတ်ဆွေများ။

လူအများဒုက္ခရောက်နေချိန် နေသာသလို နေခဲ့ပြီး ကိုယ်တိုင် ဒါမှမဟုတ် ကိုယ့်မိသားစု ဒုက္ခတွေ့တော့မှ “ငါတို့ကိုတော့ ဘယ်သူမှ လှည့်မကြည့်ဘူး၊ အားပေးဖော်တောင် မရဘူး” ဆိုတာမျိုးက ဘယ် တရားမလဲဗျာ။

ကိုယ့်မြို့ ကိုယ်နေရပ်ကို မထိခင်က ပျော်ရွှင်နေခဲ့ကြပြီးမှ တကယ်လည်း ထိရော “ငါတို့မြို့လေး သနားပါတယ်၊ ငါတို့လူတွေ ဒုက္ခရောက်နေကြပြီ” ပြောရင် ဘယ်သူမှ လှည့်ကြည့်ကြမှာ မဟုတ်ပါ။

လူတွေ က မသိဘူး မဟုတ်ဘူး၊ သိကြပါတယ်။ မှတ်လည်း မှတ်ထားကြပါတယ်။ ကိုယ်တိုင် ဒုက္ခရောက်ချိန်မှာ ဘယ်သူတွေက နှစ်သိမ့်အားပေးခဲ့ကြသလဲ၊ ဘယ်သူတွေက မသိသလို ခပ်ဝေးဝေးနေခဲ့ကြသလဲဆိုတာ အသည်းစွဲအောင် မှတ်မိကြပါတယ်။

အားလုံး အဆင်ပြေနေကြတာ မဟုတ်ပေမဲ့ ကိုယ့်ထက် ပိုပြီး ဆိုးရွားတဲ့အခြေအနေနဲ့ ကြုံတွေ့နေရသူတွေကို မြင်နေကြရတာပဲ မဟုတ်လား။

Mratt Kyaw Thu

စစ်ရှောင်တော့လည်း ဒုက္ခတွေနဲ့တွေ့၊ စစ်မရှောင်တော့လည်း အခက်တွေ့

စစ်ဖြစ်ရင် မြို့မှာ လူကြီး၊ လူငယ်၊ အပျို၊ အအို၊ ကလေး၊ ရောဂါသည်၊ ကိုယ်ဝန်ဆောင်၊ အထက်တန်းအလွှာ၊ အလယ်အလတ်တန်းအလွှာ၊ အခြေခံလူတန်းစားအလွှာတွေ အများကြီးရှိပါတယ်။ တချို့ကျတော့လည်း ကလေးတွေက ပိုက်ဆံရှာဖို့ မြို့ကို စွန့်ခွာပြီး အိမ်မှာ အသက်ကြီးနေတဲ့ လူကြီးတွေကိုပဲ ထားခဲ့ရသလို၊ တချို့ကျတော့လည်း ကိုယ်ဝန်ဆောင်မွေးဖွားခါနီးတွေ၊ ရောဂါနဲ့ အိပ်ယာပေါ်လှဲနေရတဲ့ လူနာတွေ အများကြီးရှိပါတယ်။ သူတို့တွေ ဘယ်လောက်တောင် ဒုက္ခရောက်ကြလိမ့်မလဲ။ အစားသောက်၊ လမ်းပန်းဆက်သွယ်ရေး၊ စားဝတ်နေရေးစတာတွေ အကုန်အခက်အခဲကြုံရမှာပါ။ ဒါက စစ်မရှောင်ဘဲ မြို့တွင်းမှာနေရင် ခံစားရမယ့် ဒုက္ခတွေပါ။

နောက်ပြီး စစ်ဘေးရှောင်ရင်ပြန်တော့လည်း မိုးကုတ်-မန္တလေးလမ်းပိတ်ထားလို့ ဘုန်းကြီးကျောင်းမှာ နားခိုရတာတွေ၊ ဇရပ်မှာ အမိုးအကာမရှိ ဆင်းရဲပင်ပန်းစွာ နေထိုင်ကြရတာတွေ၊ နေရာစိမ်းရောက်ပြီး ဆက်လက်ရှင်သန်နိုင်ဖို့အတွက် ဘဝသစ်ထူထောင်ရတာတွေ အကုန်လုံး ဒုက္ခသစ်တွေနဲ့ ကြုံတွေ့ရတော့တာပါပဲ။ ဘာပဲဖြစ်ဖြစ် အသက်ဘေး အန္တရာယ်တော့ လွတ်သွားပြီမဟုတ်လား။ ဘယ်သူကတော့ ကိုယ့်မြို့ ကိုယ့်ရွာကို စွန့်ခွာချင်ကြမလဲ။ ဘယ်သူမှ အသက် အပိုတစ်ချောင်းမရှိတော့ ဒီအသက်ထက်ကို ဘယ်ဟာမှ တန်ဖိုးမရှိနိုင်တော့ပါ။ အိမ်တစ်ခုဖြစ်လာဖို့ကလည်း လွယ်တာမဟုတ်ဘူးလေနော်။ နည်းနည်းချင်းစီ စုဆောင်းပြီး လုံခြုံတဲ့အိမ်လေးတစ်ခုဆိုတာဖြစ်လာတာ။ အဲ့တာကို လောဘသားကောင်တချို့ကြောင့် တစ်နိုင်ငံလုံးကလည်း ဘယ်ဘဝကို ဝဋ်ကြွေးတွေကို ပေးဆပ်နေရတယ်မသိ။ အကုန်လုံး ဒုက္ခပင်လယ်တွေနဲ့ ဝေနေတော့တာပဲ။ တချို့ဆို မိသားစုနဲ့ သေကွဲ၊ ရှင်ကွဲတွေကွဲကြရတာ။ 

၇လပိုင်း ၂၅ ရက်နေ့မှာ အိမ်နဲ့ အဆက်အသွယ်ရ

ဘဝမှာ တခါမှ ဒီလိုမပျော်ဖူးပါ။ ၆ လပိုင်း လကုန်ကတည်းက အိမ်နဲ့အဆက်အသွယ်မရတာ နောက်ဆုံးတော့ အိမ်နဲ့ အဆက်အသွယ်ရပါပြီ။ ပုံမှန် အခြေအနေတည်ငြိမ်နေရင် ၂ ပတ်လောက် အဆက်အသွယ်မရလည်း ဘာမှမဖြစ်ပါ။ အခုက နိုင်ငံရေး အခြေအနေကလည်း ကောင်းနေတာမဟုတ်တော့။ ဂျပန်ကနေ အမေကို ဖုန်းလှမ်းဆက်ကြည့်တော့ အိမ်က အမေက နိုင်ငံခြားဖုန်းနံပါတ်အစိမ်းဆိုတော့ မကိုင်လောက်ဘူးထင်တာ၊ ‘အမား’ လို့ခေါ်လိုက်တော့ Xin အသံကို တန်းမှတ်မိတယ်။ သူ့ဆီကနေ ရွင်လန်းနေတဲ့အသံနဲ့ကြားရတာ အခုမန်းလေးရောက်နေပြီတဲ့။ တော်သေးတာပေါ့။ 

အိမ်နဲ့ ဖုန်းခေါ်လို့ရတဲ့နေ့က

စစ်ဖြစ်ပြီး မိသားစုနဲ့ အတူနေချင်စိတ်ပိုဖြစ်လာခဲ့တယ်။ 

နောက်နေ့ကျတော့ အိမ်ကလူတွေနဲ့ ဖုန်းဆက်ပြီး သူတို့ စစ်ရှောင်တဲ့အတွေ့အကြုံတွေကို ပြောပြရင်း ရယ်လည်းရယ်မိ ဝမ်းလည်းဝမ်းနည်းမိ။ အငယ်ကောင်ကလည်း အသက် ၂၀ ရှိနေပြီမို့ Covid နဲ့ အာဏာသိမ်းကတည်းက နောက်ကျသွားတဲ့ သူ့ပညာရေးကို ဘယ်လိုလုပ်ရမယ်ဆိုတဲ့ Plan တွေ ချပေးနဲ့  တော်တော် အဓိပ္ပာယ်ရှိတဲ့မနက်ခင်းလေးဖြစ်ခဲ့တယ်။ 

နောက်ပိုင်းနားလည်လာတာကို အိမ်နဲ့အတူအနေချင်လာတယ်။ ဒီမသေချာမရေရာတဲ့ ဘဝကြီးမှာ ကိုယ့်မိသားစုပျော်ပျော်ရွင်ရွင်ဖြတ်သန်းချင်စိတ်ဖြစ်လာတယ်လို့ ပြောရင် သိပ်ပြီး အတ္တဆန်သွားမလား။ (တချို့ နယ်တွေမှာ စစ်ဘေးကို ခါးစီးခံနေရတဲ့သူတွေလည်း အများကြီးကျန်နေသေး) ဘဝဆိုတာ ဘယ်နေ့ဘယ်ချိန် ဘယ်လိုဖြစ်ပြီး ဘယ်လိုသေမယ်ဆိုတာ မသိဘူးလေနော်။ 

တချိန်ကတိုင်းတပါးကိုရောက်ဖို့
အိမ်မက်တခုဖြစ်ခဲ့တယ်
အခုတော့...
အိမ်ပြန်ရောက်ဖို့ အိမ်မက်မက်ရပြန်တယ်
လာရာလမ်းတိုင်း ပြန်ဖို့မလွယ်မှန်း
တိုင်းတပါးကိုရောက်မှသိခဲ့ရပြီ...
အမေ့အိမ်ကိုလွမ်းလိုက်တာဗျာ။

Source: Burmese in Korea Vlogs

နောက်တချိန် မြန်မာပြည်ကြီး ငြိမ်းချမ်းသွားလို့ရှိရင် ကိုယ့်မြို့ကိုယ့်နယ်လေးမှာ ပေါင်မုန့်ဆိုင်လေးဖွင့်ရင်း ပျော်ပျော်ရွင်ရွင်နေသွားချင်တယ်။ နောက်ပိုင်းလည်း အိမ်နဲ့ အဆက်အသွယ်များများလုပ်သွားမယ်။ 

မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းပါစေလို့ ဆုတောင်းရင်း။ 

いいなと思ったら応援しよう!